Friday 17 August 2012

အိပ်မက်ရွာကလေးသို့  အိတ်ဖွင့်ပေးစာ


PDF Print E-mail

xxxနေညိုချိန် တိမ်တောက်တဲ့ အခါ ရွာလမ်း နံဘေးမှာxxxစာဥတို့ သူငယ်ချင်းမတွေ ရေခပ် ဆင်းလို့လာxxxသီချင်းလေးသံသာ မရောက်တာ ကြာပြီxxxမတွေ့တာ ကြာပြီxxx  သတိရလိုက်တာ စာ...စာ...ဥ...ဥxxxx

မုဒ်အပြည့်နဲ့ ဆိုနေမိတဲ့ သီချင်းတောင် ဘယ်ရောက်မှန်း မသိတော့။ စိတ်တိုတိုနဲ့ နောက်ကို လှည့်ကြည့်လိုက်တော့ တရားခံက ပြုံးစိစိ။
“ဟာကွာ...လန့်လိုက်တာ ညီညီရာ။ သီချင်းတောင် ဘယ်ရောက်မှန်း မသိတော့ပါဘူးကွာ”လို့ဆိုတော့ သူငယ်ချင်းက

“ဟကောင်ရ စာဥရောက်နေပြီ စာဥ”တဲ့။ အလုပ်က ပြန်လာပြီး ထမင်းချက်ရင်း ရွာအလွမ်းပြေ သီချင်းလေး ညည်းမိပါတယ်။ သူငယ်ချင်း နှောင့်ယှက်လို့ ဖီးလ်တောင် ပျက်သွားတယ်။ ဟုတ်တယ်။ အခုလို နှစ်ကာလတွေ ရှည်ကြာပြီး တိုင်းတစ်ပါး ရောက်နေရတော့ စိတ်လိုလက်ရ ရှိတဲ့ အခါများမှာတော့ ရွာသီချင်းလေးတွေဆိုမိတတ်တယ်။ ကိုယ်ကတောသား ဆိုတော့ ခေတ်ဆန်ဆန် သီချင်းတွေ မရ။ဟင်္သာတ ထွန်းရင်တို့၊ တွံတေးသိန်းတန်တို့ရဲ့ သီချင်းတွေနဲ့ လူလား မြောက်ရသူ မဟုတ်လား။ ရပ်ရိပ် ရွာရိပ်နဲ့ ဝေးလို့ ဘယ်မြို့နယ်မှ မရောက်ဖူးခဲ့။ နိုင်ငံခြား သွားမယ်ဆိုမှ ရန်ကုန်မြို့ကို ရောက်ဖူး၊ လေယာဉ်ပျံတွေ စီးဖူးရတာ။ ရောက်စတုန်းကဆို အရာရာ မျက်စိသူငယ်၊ နားသူငယ်။ နိုင်ငံခြား သွားရမယ်လို့ အိပ်မက်တောင်မမက်ဖူးဘူး။ အမိ အဖကလည်း တောသူတောင်သား ဆိုတော့ သေစာရှင်စာသိ တော်ပြီဆိုပြီး ကျောင်းက နုတ်လိုက်တော့ ABC တောင် အနိုင်နိုင်ရယ်။ အဲဒီတုန်းက ခေတ်ကလည်း ခေတ်ပျက်ဆိုတော့ ကျောင်းနေဖို့သာသာ ပြောင်းထမင်းတောင် နပ်မမှန်ခဲ့တာဆိုတော့ အမိအဖလည်း အပြစ်တင်လို့မှ မရတာ။ ဘ၀ပေး ကုသိုလ်ကံလို့သာ မှတ်ရတယ်။

ဒီလိုပညာ မတတ်လို့များ အလုပ်ထဲ အဆင်ပြေပါ့မလား။ တွေးပူမနေနဲ့ ဗျ။ ပြေမှပြေ။ ဒီ(နိုင်ငံခြား)ကိုလာဖို့ မြန်မာပြည်မှာ အင်တာဗျူးလုပ်တော့ သူတို့က ဘာမှ မမေးဘူးရယ်။ ကျုပ်လက်ကိုကြည့်ပြီး“ok”ဆိုတဲ့ တစ်လုံးပဲ ပြောတယ်။ ဒါနဲ့ပဲ ဒီရောက် ဆိုပါတော့။

ကျုပ်လက် ကြည့်တဲ့သဘောကို ဒီရောက်မှပဲ ပေါက်တော့တယ်။ ကျုပ် လက်က လက်ကြမ်းကြီးကိုဗျ။ ခိုင်းနွားရှာတဲ့သဘောပေါ့။ အလုပ်ထဲလည်း သူတို့က လက်ဟန်ခြေဟန်နဲ့ ခိုင်းတာပေါ့။ ဘာခေါ်မလဲ “အင်တာနေရှင်နယ် လန်းဂွေ့” ခေါ်မလားမသိ။ အမူအရာကြည့် လုပ်ရတာ။

ဒီနေရာမှာတော့ မြန်မာလူမျိုး ဖြစ်ရတာ ဂုဏ်ယူတယ်ဗျ။ ချက်ဆို နား ခွက်က မီးတောက်လို့။ တစ်ခါတလေ ကျတော့လည်း(ကိုယ့်ကိုယ်ကို) နိုင်ငံ ခြားမှာနေရတာ ဘ၀င်မြင့်ချင်သလိုလိုရယ်။ ဖုန်းနဲ့ဘာနဲ့ကိုး။ ရွာမှာက တံစဉ်၊ ဓားမ၊ လောက်လေးခွလောက်သာ ကိုင်ဖူးတာမဟုတ်လား။ ဘယ်လိုပဲနေရ နေရပါ။ နှလုံးသားထဲ အမြုတေကတော့ တောသားစိတ်၊ ရွာသားကိုယ်ပါပဲ။မတတ်သာလို့ ကိုယ့်ရပ် ကိုယ့်ရွာကနေ တိုင်းတစ်ပါးမှာ စီးပွားလာရှာနေရပေ မဲ့ ကိုယ့်ရွာ၊ ကိုယ့်ဇာတိ၊ ကိုယ့်နိုင်ငံကိုတော့ မလွမ်းတဲ့ သူရှိမယ်မထင်။

မြန်မာလူမျိုး ဆိုတာလည်း အမျိုးကိုချစ်တဲ့စိတ်၊ တိုင်းပြည်ကို ချစ်တဲ့စိတ်၊ ရပ်ရွာကို ချစ်တဲ့စိတ်က ရင်ထဲမှာ အပြည့်၊ ယဉ်ကျေးခြင်း၊ နူးညံသိမ်မွေ့ခြင်း၊ စွန့်လွှတ် အနစ်နာခံခြင်းစတဲ့ ပရဟိတ အမွန်တွေကလည်း နှလုံးသားမှာ အပြည့်။ ပျော်စရာ ရှိလည်း အုန်းအုန်းကျွက်ကျွက်၊ ငိုစရာရှိလည်း မျက်ရည်ပေါက် ပေါက်ကျ။ ဟီး...ထအောင်ငို။ ဟန်ဆောင်ခြင်းမရှိ။ ပကတိအဖြူ။ အရှိကို အရှိအတိုင်း ပွင့်လင်းတတ်သည့် လူမျိုး။

အခုလည်း ကြည့်။ မိဘမောင်ဖွား၊ ဆွေမျိုးသားချင်း မရှိတဲ့ တိုင်းတစ် ပါးမှာ စီးပွားလာရှာနေကြတာ တစ်ယောက်မဟုတ်။ “တစ်ယောက်စတော့ တစ်ရွာ”ဆိုတဲ့ စကားလို ရေ၊ မြေ၊ စရိုက်၊ ဘာသာ၊ အယူဝါဒ မတူပေမဲ့ ရေ ကြည်တော့ မြက်တွေ လာစုသလိုမျိုး။

ကိုယ့်နိုင်ငံမှာ စီးပွားရေးအခက်အခဲဖြစ်လို့ တိုင်းတစ်ပါး ထွက်ရှာမှ ဒုက္ခရောက်သူလည်းရှိရဲ့၊ အဆင်မပြေတဲ့သူလည်း ရှိရဲ့။ ပျော်တဲ့သူလည်း  ပျော်၊ အော်တဲ့သူလည်း အော်။ အမှိုက်ပွေ့လို့ မြွေတွေ့ရတော့လည်း မဆန်း ပေ။ လာလိုက်ရတဲ့လမ်းတွေကလည်း ကြမ်းပါဘိ။ အထက်ကလာတော့လည်း အချေးအငှား မပါမပြီး။ အောက်ကလာတော့လည်း အပေါင်အရောင်း မလွတ်။ အရင်းအနှီး အများကြီးပါ့။

တစ်လောက သူငယ်ချင်းတစ်ယောက်က ဖုန်းပြောရင်းနဲ့ညည်းရှာတယ်။
“ငါကတော့ သေမဲ့အပတ် စစ်ထဲလိုက်မိတာပါပဲကွာ”တဲ့။ သူတစ် ယောက်တည်းလားဆိုတော့မဟုတ်။ ပျော်ရာမှာ မနေနိုင်တဲ့သူတွေက အများ ကြီးဟာ။ ဟိုတုန်းကတော့ မိုးကုတ်တို့၊ မှိုင်းရှူးတို့၊ ဖားကန့်တို့ခေတ်ပေါ့။ အခုတော့ နိုင်ငံခြားခေတ်ဖြစ်လာပြီ မဟုတ်လား။ ငယ်ရွယ်စဉ်ကျောင်းနေတဲ့ အရွယ်တုန်းကတော့ အဖေအမေမေးရင် ဆရာဝန်ကြီး စစ်ဗိုလ်ကြီးလုပ်မယ်ဆို တဲ့အဖြေက အခုတော့“နိုင်ငံခြား”...။

“သားကြီးလာရင် ဆရာဝန်ကြီး လုပ်မှာလား စစ်ဗိုလ်ကြီးလုပ်မှာလား”

“သြ...သြ... သားက နိုင်ငံခြားသွားမှာ”တဲ့။ ကဲ...။ကောင်းကြသေးရဲ့ လား အရပ်ကတို့ လို့သာ အော်ဟစ်လိုက်ချင်တော့တယ်။ လာကလည်းလာ ချင်စရာကိုး။

“တစ်လဆိုရင် ဘယ်...ဟဲ့။ ဘယ်နှနှစ်ဆို အရင်းကျေလို့။ ဘယ်နှနှစ်လောက်ဆို သူဌေးဖြစ် နိုင်သတဲ့”နဲ့။

နိုင်ငံခြား သွားခြင်းဆိုတဲ့ ခေတ်ရဲ့ကူးစက် မှုကြီးဟာ တချို့နယ်တွေဆို ရွာလုံးတောင်ကျွတ် တယ်ဆိုပဲ။ လူဆိုတာလည်း သိတဲ့အတိုင်းပဲ။ စိတ် ချမ်းသာထက်၊ ကိုယ်ချမ်းသာကို ပိုပြီးတပ်မက် ကြတာ ဓမ္မတာ မဟုတ်လား။ နောက်ကိစ္စနောက် ရှင်း၊ အခုငွေတွင်း အခုလိုက်မယ်ဆိုပြီး လာလိုက် ကြတာ ကြီးတဲ့ အသက်တွေငယ်လို့၊ ငယ်တဲ့ အသက်တွေကြီးလိုက်ကြ၊ မွေးသက္ကရာဇ်တွေ  လိမ်ကြနဲ့ ရှုပ်ယှက် ခတ်နေတော့တာ။

ရောက်ပါပြီတဲ့ နိုင်ငံခြား။
တစ်လ၊ နှစ်လ၊ တစ်နှစ်အသံတွေထွက်လာ ပြီ။ အရင်းမကျေသေးဘူး။ အတိုးပိနေပြီ။ အိမ်နဲ့ ခြံတော့ ကြွေးသိမ်းခံရပြီ။ လယ်ယာတွေမရှိတော့ ဘူးနဲ့ အသံဗလံကိုစုံရော။ ဒီကြားထဲ ကမ္ဘာ့စီးပွား ပျက်ကပ်ဆိုလား ကြုံရပြန်တယ်။ စက်ရုံကောလင်းသမားက OT မရ။ ပိတ်ရက်တွေများ။ “အို” (Over stay) သမားကလည်း အဖမ်းအဆီးများလို့ အဆင်မပြေ။ ဟိုပြေး၊ ဒီလွှားကြရတော့ ကိုယ့် ကိုယ်ကို ရွှေမြန်မာလို့ ကမ္ပည်း တပ်ချင်နေကြတာ ရှက်စရာတောင် ကောင်းလာတယ်။

“ငါ့သူငယ်ချင်း စက်ရုံတော့ ပိတ်လိုက်ရပြီ။ ဒီကောင်တွေ ပြန်ရတော့မယ်”

“ဟာ...ငါ့ကောင်တွေလည်း ဘာထူးတုံး။ အမှန်က အဆင်မပြေလို့ “အို”လိုက်တာ အခုပွဲစား က လိမ်လို့တဲ့”

အသံတွေ၊ အသံတွေ တအားညံစီလို့။ ရှေ့ တိုးတော့ ထမ်းပိုး၊ နောက်ဆုတ်တော့ လှည်းထုပ်၊ ဆုပ်လည်း စူး၊ စားလည်းရူး တို့လို အဖြစ်မျိုးတွေ။တချို့လည်း ကိုယ့်မြန်မာပြည်မှာတုန်းက လိမ် လိမ်မာမာ မသောက်မစား။ အခုဒီကျမှအလုပ် အကိုင်အဆင်မပြေ။ စိတ်တွေက ညစ်တော့ ပုလင်းဖွင့်ပြီး ခေါင်းပါနှစ်နေတော့တာ။ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုတဲ့ လူစားတွေ ကလည်း ရာမလက်ထဲ သေနတ်ရောက်သလိုမျိုး ဖုန်းတစ်လုံးကနေ နှစ်လုံး၊ သုံးလုံးနဲ့ မိန်းကလေး (ရွှေမ၊ အမ၊ ဗထက်ချိုက်မ)တွေဆီ မက်ဆေ့ခ်ျပို့၊ ဖုန်းဆက်ကြနဲ့ လေလှိုင်းထံကနေ လေထဲတိုက် အိမ်ဆောက်နေကြတာ မကြားချင်မှအဆုံး။ မမြင်ချင်မှအဆန်း။ အမေနဲ့ ရွာကိုမှ မလွမ်းတော့သလို။

တကယ်တော့...။ အင်း-
မပြောတော့ပါဘူး။ ပြောပြရင်လည်း “အောင်မင်း”လွန်ရာကျမှာကိုးဗျ။ ကိုယ့်ပေါင် ကိုယ် လှန်ထောင်းရသလို ခံရခက်ခက်ကြီးရယ်။ ကိုယ်ကိုယ်တိုင်လည်း ငါးပါးသီလမြဲချင်မှ မြဲ တာရယ်၊ တစ်လတစ်ခါ နှစ်ခါလောက် သူရာ မေရနဲ့ပေါင်းပြီး ရွာအကြောင်း၊ စာဥအကြောင်း လေးလည်း အောက်မေ့ရသေးတာ။ ပြောသာ ပြောရတယ်။

စာဥလည်း ကုကိ္ကုပင်အောက် ကလေးချော့ နေလောက်ရောပေါ့။ အဖေ အမေဆီတောင် ရှေ့လ နဲ့နောက်လ ပေါင်းပြီးမှ ဖုန်းဆက်နိုင်တာဆိုတော့ “မနက်ဖြန်သို့မဟုတ် ဘယ်သောအခါ”ဘယ် စောင့်နိုင်ရှာမလဲ။ အဖေ၊အမေတို့ကတော့ အသက် တွေ ခြောက်ဆယ်ကျော်နေတာတောင် ဖုန်းဆက် တိုင်း ကျန်းမာရေးကတော့ ကောင်းနေတာပဲ။ ကြည့်လေ။ အဆင်ပြေကြောင်း (အကြွေးမကျေ သေးတာ လွဲရင်)။ ဘုရားပွဲတွေမှာ လူစည်တဲ့ အကြောင်း(စည်သာစည်တယ်။ ယောက်ျားမှန် သမျှနိုင်ငံခြားမှာ)။ ပွဲစားကြီး လှူမဲ့ အကြောင်း ပါ ပါလိုက်သေး။ ပွဲစားဆိုလို့ ပဲပွဲစား။ နှမ်းပွဲ စားများ မထင်လိုက်နဲ့။ ရွာက လူကြီးလူငယ်မှန် သမျှကို နိုင်ငံခြားပို့တဲ့ ပွဲစား၊ လူပွဲစားပေါ့ဗျာ။

သူကတော့ လှူနိုင်မှာပေါ့။ လူကုန်လည်း ကူး၊ ငွေတိုးလည်း ချေးတာကိုး။ ပြောတော့ပြော လိုက်ချင်တယ်။ သူ့အလှူ ကျရင် ခေါင်းလောင်း ပါဝင်ထိုးလို့။ ဟုတ်တယ်လေ။ သူ့အလှူထဲမှာ ကိုယ်တွေရဲ့ ရပ်ဝေး ချွေးသံတွေလည်းပါတဲ့ဟာ။ အဲ...ဒါနဲ့ပဲမမြဲတဲ့သီလက ဘောင်းဘီထဲ ကျပ် ညပ်နေရော့မယ် ထင်ပါရဲ့။

သြော်...ရွာဆိုမှ(ကိုယ့်)ရွာအကြောင်းက ခေါင်းထဲ ရောက်လာပြန်ရော။ ဇာတိချက်ကြွေ မွေးရပ် မြေဆိုတော့ လွမ်းသလားမမေးနဲ့။ အဆင်မပြေ တိုင်းကို လွမ်းတာ။ ကိုယ့်သွေး၊ ကိုယ့်သားတွေ ဟာ အခုထိတမာနဲ့ မန်ကျည်းရွက်နံ့ သင်းတုန်းလေ။

နွေ၊ မိုး၊ ဆောင်းကို လင်မယားလို့ ပေါင်း နေရတော့ ဘ၀တွေက ကြမ်း၊ ၀မ်းရေးလှတဲ့ နှစ်နဲ့ မလှတဲ့နှစ်က ထွေးရောယှက်တင်ဆိုတော့ အရင်ကလို ပါးကွက်ကြားမှ ကွက်နိုင်သေးရဲ့လား။ ရွာကလေးရယ်။

အဖေရယ်၊ အမေရယ်။
မင်းရယ်၊ ငါရယ်၊ စာဥရယ်
“အင်းလေ...”
ပြေးမကြည့်နိုင်လို့ တွေးကြည့်တော့လည်း....

မြင်ကွင်းထဲ မြင်သမျှအားလုံးက စိမ်းစိမ်းစိုစို။ ဒီနှစ်ကတော့ မနှစ်ကနဲ့ကို မတူဘူး။ စိုက်ပျိုးသမျှ သီးနှံတွေ ထွက်လိုက်တဲ့ဖြစ်ခြင်း။ လေးပင်၊ သုံးပင် အိမ်ကြီးရခိုင်ဟာ ပဲ၊ နှမ်း၊ ငရုတ်သီးနှံတွေနဲ့ တင်းကြမ်း ပြည့်လို့။ တိုးတက် လာတဲ့ နိုင်ငံတော်ရဲ့အစီအမံနဲ့ လက်မှုလယ်ယာကနေ စက်မှုလယ်ယာကူး ပြောင်းလိုက်တာဆိုတော့ မထိုးတဲ့ ထီက လက်မှတ် ကောက်ရသလို။

တောင်သူလယ်သမား ဘ၀ကနေ စက်မှုလယ်သမားဘ၀ရောက်။ မုဆိုး ဖိုတွေလည်း ပြုံး၊ မုဆိုးမတွေလည်း ပျော်။ နွားနဲ့ထွန်တုံး တရုန်းရုန်းကနေ ဂီယာသံ၊ လီဗာသံ တညံညံဘ၀ ရောက်ရပြီလေ။

စက်နဲ့ထွန်ယက်။ စက်နဲ့စိုက်ပျိုး။ စက်နဲ့ရိတ်သိမ်း။ ဘယ်လောက်များ အဆင်ပြေလိုက်ကြလဲ။ မိုးလည်း မျှော်စရာမလိုတော့။ နွားလည်း အော် စရာမလိုတော့။ သီးထပ်၊ သီးညှပ်တွေ စိုက်ပျိုးလို့ နှစ်ပတ်လည်လုံး ၀င်ငွေ တိုး နေတော့မှာ။ ပျော်စရာ၊ ရွှင်စရာ တို့တောရွာပါလား။

ဟော...
ပြောရင်းနဲ့ သီတင်းကျွတ်တော့မှာပါလား။ လှောင်ထားတဲ့ကုန်တွေ အတွက် မြို့ဈေးကွက်ကို ဖုန်းဆက်မေးဦးမှ။ အရင်ကများ ဆိုင်ကယ်လေး စီးနိုင်ဖို့နဲ့ မိသားစုအဆင်ပြေရေးအတွက် နိုင်ငံခြားကို  သွားလိုက်ရတာ အချိန်ကုန် လူပန်း။ နောက်ပိုင်းကမိသားစုကြံ့ကြံ့ခံလို့သာ လက်ငုတ်တွေ မပြုတ်သွားတာ ကံကောင်း။

အခုများ...
မိသားစုငါးယောက်အတွက် ဆိုင်ကယ်ငါးစီးများတောင်။ တင်းကုပ်မှာ နွားတွေအစား၊ လယ်ယာထွန်စက်ကြီး၊ ငယ်တွေ ထိုးထားလိုက်တာ အရောင် ကိုစုံလို့။ တစ်ရွာလုံးလည်း အဆင်ပြေနေလိုက်ကြတာ ရွှေတွဲလွဲ၊ ငွေတွဲလွဲ။ စက်မှုလယ်ယာသာ အဖေတို့ခေတ်ကတည်းက ထွန်းကားလိုက်လို့ကတော့-

ဟင်း...
အသက်တောင် သုံးဆယ်ကျော်နေပြီ။ အို...ကျော်ကျော်၊ မကျော်ကျော် ကွာ၊ ဒီအခြေအနေမှတော့ နင်နဲ့ငါ ဘယ်လိုမှ မဝေးနိုင်တော့ပါဘူး။ စာ...စာ...ဥ...ဥ...။

“ဖုန်း”
“ဟာကွာ ဘယ်ကောင်လဲကွ”လန့်အော်အော် ရင်း ကြည့်လိုက်တော့ အမြင်အာရုံက ၀ါးတားတား။
“ဟေ့ကောင် ငါ မင်းသူငယ်ချင်းညီညီ။ အခု ခုနစ်နာရီထိုးနေပြီ ထတော့။ နောက်ကျလို့ လစာထဲက အဖြတ်ခံနေရဦးမယ်။“...”တဲ့မှ အိပ်တာကောင်း ကောင်း မအိပ်ဘူး။ တအီးအီး တအင်းအင်းနဲ့”ဟု နိုးဆဲဆဲပါတော့တယ်။

သြော်..
ငါ့နှယ် အိပ်မက်ပါလား...။
ပလုံ။
ရာဇာမျိုး၊အင်းကုန်း၊
(Teen မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)

2 comments:

  1. ပြောချင်တာကတော့ ရေးပြီးသားတွေ ဘယ်တော့ တင်မလဲ ။
    ဘာလို့ မတင်တာလဲ သိချင်တယ် ..။

    ReplyDelete
  2. blogလည်ရင်းနဲ့ တောသားရေးတဲ့ စာတွေဖတ်သွားပါတယ်။
    ခြင်္သေ့ ပုံပြင်တွေ ဆက်ရေးပါအုံး။

    ReplyDelete